Monday, January 18, 2010

ထွက်ပေါက်


ကြိုးဆွဲတန်းလန်းချလျှက်သေဆုံးနေသူတစ်ဦးကိုလောလောလတ်လတ်မြင်တွေ့ခဲ့ရသူအဖို့မည်မျှကြောက်ရွံ့
တုန်လှုပ်နေမည်ဆိုသည်ကိုတွေးကြည့်စရာပင်မလိုချေ။သူ့တစ်ကိုယ်လုံးသည်လည်းချွေးစေးများဖြင့်ပေကျံလျှက်ဆတ်ဆတ်တုန်၍
နေလေသည်။ကြိုးဆွဲတန်းလန်းချလျှက်သေဆုံးနေသော အလောင်းကောင်ကြီးကိုသူသည် လွန်ခဲ့သောမိနစ်အနည်းငယ်ခန့်က အိပ်ခန်းတစ်ခုထဲတွင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။သူ၏မျက်စိထဲတွင်လည်းထိုမြင်ကွင်းကိုယခုထိဖျေက်ဖျက်၍မရသေးချေ။
ပိုမို၍ခြောက်ချားစေရသောအကြောင်းအရင်းမှာအိမ်တစ်လုံးထဲတွင်သက်ရှိဟူ၍သူတစ်ယောက်တည်းရှိနေခြင်း၊
အပြင်ဖက်တွင်မိုးသည်းထန်စွာရွာသွန်း၍ မိုးခြိမ်းသံများနှင့်ဆူညံနေခြင်းများပင်တည်း။ သို့ရာတွင်သူသည်လွန်ခဲ့သောမိနစ်ပိုင်းကပင်သေဆုံးသူနှင့်အတူ ဧည့်ခန်းထဲရှိကုလားထိုင်ပေါ်တွင်ထိုင်ကာ
ရယ်မောစွာဖြင့်စကားပြောခဲ့ကြသေးသည်ထို့အတွက်လည်းသူ့စိတ်ထဲတွင်ကြောက်လန့်မှု့နှင့်အတူအံ့သြမှု့များစွာတို့လည်းပါဝင်နေ၏။
ဖြစ်ပေါ်နေသောအခြေအနေများကြောင့်အိမ်ပြင်ကိုထွက်၍လူတစ်ဦးဦး(သို့)သက်ဆိုင်ရာသို့အကြောင်းကြား
အကူအညီတောင်းရန်ကြံစည်ခဲ့သေး၏။သို့ရာတွင်မအောင်မြင်ခဲ့ချေ၊ထွက်ပေါက်ဟူ၍တစ်ခုတည်းသာရှိသော
ယခုလိုအိမ်မျိုးအတွက်ထိုထွက်ပေါက်တံခါးကိုခတ်ထားသည့်သော့ကိုမရရှိနိုင်ပဲနှင့် သူသည်အိမ်ပြင်သို့ထွက်ရန်အခြေအနေမရှိပေ။
ထိုတံခါးသော့မှာအပြင်သို့သွားနေသည့်သူ့အစ်ကိုထံတွင်ပါသွားခဲ့ပြီဖြစ်ကြောင်းကိုသူသိထားနှင့်ပြီဖြစ်၏။
သို့ရာတွင်ယခုခံစားနေရသောအဖြစ်အပျက်များကိုတော့သူ့အစ်ကိုလည်းလုံးဝသိရှိသွားခြင်းမရှိသေးချေ၊
တံခါးကိုရိုက်ချိုးဖျက်ဆီး၍ အိမ်ပြင်သို့ထွက်ရန်ကြိုးစားခဲ့သော်လည်း ခိုင်ခံ့သောသံတံခါးတစ်ခုကို ယခုလိုရိုက်ဖျက်ခဲ့သည့်အတွက် ရရှိသည့်မောဟိုက်နွမ်းနယ်မှုမှာသူ့အတွက်အချည်းအနှီးဖြစ်ခဲ့ရ၏။ထိုလုပ်ရပ်များထက်အရင်စော၍တယ်လီဖုန်းရှိရာသို့သူသွားခဲ့သေး၏၊
ဖုန်းဖြင့်ဆက်သွယ်၍တစ်စုံတစ်ယောက်ထံသို့အကူအညီတောင်းရန်ဖြစ်သည်၊သို့ရာတွင်စားပွဲပေါ်ရှိဖုန်းသည်လိုင်းပျက်နေခဲ့၏၊
ဘာသံမှမကြားရချေ၊တိုက်ခတ်နေသောလေပြင်းကြောင့် သစ်ကိုင်းတစ်ခုခုကျိုးကျ၍ တယ်လီဖုန်းလိုင်းကြိုးကိုထိခိုက်မိပြီး ဖုန်းကြိုးပြတ်တောက်သွားသည်ဟုလည်းထင်မိ၏။ယခုလိုမိုးသံလေသံများနှင့်ဆိုပါကအိမ်ထဲမှနေ၍ အသံကုန်ဟစ်ကာ
အကူအညီတောင်းလျှင်လည်းနောက်ဆုံးသူသာလျှင်အသံဝင်သွားနိုင်၍ အနီးအနားရှိအိမ်များမှမိုးသံကြောင့် သူ့အသံကိုကြားနိုင်မည်မဟုတ်ချေ။
အဆက်မပြတ်သည်းထန်စွာရွာသွန်းနေသောမိုးကိုလည်း ပါးစပ်မှကျိန်ဆဲရေရွတ်နေမိ၏။
မည်းမှောင်နေသောညတစ်ည၊ထစ်ချုန်းစွာရွာသွန်းနေသောမိုးသံလေသံများထဲမှလျှပ်စီးလက်လိုက်သော
ကြောင့်အိမ်အပြင်ဖက်တွင်လင်းခနဲဖြစ်သွား၏ထိုအလင်းရောင်ထဲတွင်သူတွေ့ခဲ့ရသောအလောင်းကောင်ကြီး၏မျက်နှာကိုရုတ်တရက်
မြင်လိုက်ရသလိုစိတ်ထဲတွင် ခံစားရလိုက်၏။တကယ်ဟုတ်မဟုတ်ကိုတော့ သူကိုယ်တိုင် ဝေခွဲ၍မရသေးချေ။အခန်းထဲ၌ရှိသော
အလောင်းကောင်ကြီးသည် မည်သည့်နည်းနှင့်မျှ ပြန်လည်ရှင်သန်ထမြောက်ကာ အိမ်ပြင်သို့ရောက်မလာနိုင်ချေ၊
သို့ရာတွင်လျှပ်စီးတစ်ခါလက်လိုက်တိုင်း သူ၏မျက်လုံးအစုံကို ပိတ်ထားမိ၏။ ထိုအလင်းရောင်ထဲတွင် နှုတ်ခမ်းမှသွေးစများ၊
သာမာန်ထက်ပို၍ပြူးထွက်နေသောမျက်လုံးများ၊အပြင်သို့ရှည်လျှားစွာထွက်ကျနေသောလျှာတစ်ခုနှင့်နှာခေါင်းထဲမှမြင်မကောင်း
အောင်ထွက်နေသော သွေးများဖြင့် စက်ဆုပ်ဖွယ်ရာမျက်နှာကြီးတစ်ခုကို တွေ့မြင်နေရသောကြောင့်ပင်။
ကြောက်စိတ်များသည် သူ့တစ်ကိုယ်လုံးတွင် ပျံ့နှံ့ဝင်ရောက်လျှက်ရှိနေသည်၊ အိမ်အပြင်သို့ထွက်ရန်နှင့် တယ်လီဖုန်းကိုအသုံးပြု၍အကူအညီတောင်းရန် အစီအစဉ်တို့မှာလည်းသူ့အတွက်မအောင်မြင်ခဲ့ပေ၊ထို့အတွက်လည်းသူသည် အပြင်မှပြန်လာမည့် သူ့အစ်ကိုဖြစ်သူအား စောင့်ဆိုင်းနေခြင်းသာလျှင်အကောင်းဆုံးဖြစ်ပေလိမ့်မည်။ထိုသို့စောင့်နေချိန်အတွင်း အကြောက်လွန်၍ သတိလစ်မသွားစေရန်သာ သူ့ကိုယ်သူ အကြောက်လွန်၍ သတိလစ်မသွားစေရန်သာ သူ့ကိုယ်သူ ဂရုစိုက်၍ နေရတော့မည်။ အချိန်နှင့်အလိုက်စက္ကန့်တိုင်း လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသော အသံတိုင်းသည်လည်း သူ့အတွက် ကြောက်မက်ဖွယ်ရာများပင် ဖြစ်နေ၏။သစ်ကိုင်းချင်းပွတ်တိုက်သံ၊မိုးခြိမ်းသံ၊ဖားပြုတ်တစ်ကောင်၏ တစ်ချက်တစ်ချက်အော်လိုက်သံ တို့ကို ကြားလိုက်တိုင်းသူ့ကိုယ်သူ အကြောက်လွန်၍ သတိလစ်မေ့မြောမသွားစေရန်အထူးသတိထား နေရ၏။ ရုပ်ပျက်ဆင်းပျက်နှင့် သေနေသော ထိုအလောင်းကောင်နှင့် ယခုကဲ့သို့ အိမ်တစ်လုံးထဲတွင်ဆက်လက်နေရန်ခံနိုင်ရည်သတ္တိများ သူ့တွင်မရှိတော့ချေ။
အတူနေလိုစိတ်လည်းမရှိချေ။ အပြင်သို့ထွက်သွားရာမှပြန်လာမည့်သူ့အစ်ကိုအား ယခုချက်ချင်းရောက်လာစေချင်၏။
မြန်မြန်ပြန်လာရန်လည်း စိတ်ထဲမှ ဆုတောင်းနေ၏။တိုင်ကပ်နာရီမှ စက္ကန့် လိုက်၍ ထွက်ပေါ်လာသော အသံထက်သူ၏ ရင်ခုန်သံ တွေက ပို၍မြန်နေပြီလားမသိတော့။
အိမ်တံခါးကိုခတ်ထားသည့်သော့အား အပြင်ဖက်မှနေ၍ ဖွင့်လိုက်သောအသံကို ရုတ်တရက်ကြားလိုက်ရ၏၊ သေချာသည်မှာတော့သူ့အစ်ကိုပြန်လာသည်သာလျှင်ဖြစ်မည်၊အားတက်မှုတို့ဖြင့်တံခါးရှိရာသို့လျှင်မြန်စွာပြေးလွှား၍သွားလိုက်၏။
အမှေင်ထဲတွင်တံခါးကိုလူတစ်ယောက်ဖွင့်နေသည်ကိုမသဲမကွဲမြင်နေရ၏သို့ရာတွင်တံခါးကိုဖွင့်၍၀င်လာသောသူမှာသူ့အစ်ကိုပင်ဖြစ်ရ
မည်မဟုတ်လော၊ထို့အတွက်ပို၍သေချာစေရန် တံခါးဝအနီးရှိမီးခလုတ်ကိုဖွင့်လိုက်၏။လင်းလာသောမီးလုံး၏အလင်းရောင်
ထဲတွင်သူတွေ့လိုက်ရသည်မှာ သူယုံကြည်ထားသလို အပြင်မှပြန်လာသောသူ့အစ်ကိုမဟုတ်ချေ။ သူ့တစ်ကိုယ်လုံးတွင်ရှိသော
သွေးခုန်နှုန်းများရုတ်တရက်ရပ်တံ့သွား၏၊လိပ်ပြာလွင့်ထွက်သွားသလိုလည်း တပြိုင်နက်ခံစားလိုက်ရ၏။သူ့မျက်စိကိုပင် သူမယုံချင်တော့၊“မဟုတ်ပါစေနဲ့”ဟုလည်းစိတ်ထဲမှ ဆုတောင်းလိုက်၏ ။သူအိပ်မက်မက်နေခြင်းမဟုတ်။ ဤသို့ဆိုပါက အခန်းထဲရှိကြိုးဆွဲချလျှက် သေနေသော အလောင်းကောင်သည် မည်သည့်နည်းနှင့်မျှပြန်လည်ရှင်သန်၍ အိမ်တံခါးကိုအပြင်ဖက်မှလာဖွင့်နိုင်စရာအကြောင်းမရှိချေ၊ လွန်ခဲ့သောမိနစ်အတွင်းကရုပ်ပျက်ဆင်းပျက်နှင့်သေနေသော
သူ့သူငယ်ချင်းသည်သူ့အားကြောက်မက်ဖွယ်မျက်လုံးအစုံ နှင့်စူးစိုက်၍ကြည့်နေ၏။သူသည်လည်းအသက်မရှုမိတော့ပဲ ထိုအလောင်းကောင်ကြီးအားပြန်လည်၍ကြည့်နေမိသည်။သူ့ကိုယ်သူအသက်ပင်ရှိသေးရဲ့လားဟူ၍ သတိမထားနိုင်လောက်အောင်ပင်ဖြစ်နေ၏၊
လက်ရှိခံစားနေရသောအဖြစ်အပျက်တို့အား အိပ်မက်ပင်ဖြစ်ပါရစေဟုလည်းစိတ်ထဲမှဆုတောင်းလိုက်သည်ကိုတော့ သတိရလိုက်သေး၏။ သူမေ့မြောသွားပြီလားမသိတော့ချေ။
ထိုစဉ်တစ်အိမိလုံးမီးများမှောင်သွား၏၊ရုတ်တရက်မီးပြတ်သွားခြင်းဖြစ်ပေလိမ့်မည်။
တို့အတွက်သူသည် video နှင့် Tv ခလုတ်ကိုထိုင်ရာမှထပိတ်လိုက်၏၊တပြိုင်နက်ဆိုသလို အိမ်တံခါးခေါက်သံကြားလိုက်ရ၏၊
သူတံခါးဖွင့်ပေးလိုက်သောအခါ အပြင်မှပြန်လာသောသူ့အစ်ကိုအားတွေ့လိုက်ရသည်။
( အမှောင်ထဲမှ သူ့အစ်ကိုသည် သူ့အားပြုံး၍ကြည့်နေ၏ )

၁၂၊သောကြာ၊ မေလ၊၁၉၈၉ ခုနှစ်

No comments:

Post a Comment