Friday, November 27, 2009

အပါယ်လေးပါးနှင့်ဝိပဿနာ


အပါယ်လေးပါးတွင် ပြိတ္တာ၊ငရဲ၊တိရစ္ဆာန်၊အသူရကာယ် သည်အကျိုးတရားလေးပါးဖြစ်ပြီး
အကြောင်းတရားလည်းလေးပါးရှိသည်။ ဒေါသ ကြောင့် ငရဲရောက်သည်။လောဘကြောင့်
ပြိတ္တာဖြစ်သည်။ မောဟကြောင့် တိရစ္ဆာန် ဖြစ်ပြီး၊ မာနကြောင့် အသူရကာယ် ဖြစ်သည်။
ထိုအကြောင်းတရားတွေ လုပ်နေသမျှကာလပတ်လုံး အပါယ်ဘေးကလွတ်မည်မဟုတ်။
ထိုအကြောင်းတရားများကို ပယ်သတ်ဖို့ ဒါန၊သီလ၊သမထ လောက်နှင့်မဖြစ်နိုင်ပေ။
ထို(၃)မျိုးကိုလှပ်နေသမျှ ကံ အကျိုးပေးကိုရပြီး ကံလမ်းသာလျှင်ဖြစ်သည်။
ဝိပဿနာ ဘာဝနာကတော့ ဥာဏ်လမ်းဖြစ်ပြီး လုပ်သလောက်
တက်ပါသည်။ယနေ့ ဗုဒ္ဓဘာသာဝင် အများစုသည် ဒါန၊သီလ၊သမထ ဘာဝနာကိုလုပ်ကြပါသည်။
သို့သော် ၀ိပဿနာ ဘာဝနာမှာ အလှမ်းဝေးနေတာကိုတွေ့ရပါသောကြောင့်
ယနေ့ဝိပဿနာကို အလေးအနက်ဟောခြင်းဖြစ်ပါသည်။မြေကြီးကနေ တာဝတံတာအထိ ပုံပြီးလှူ
သီလကို ကြိုက်သလောက်ထိန်း၊သမထကိုလည်း မြေလျှိုး၊မိုးပျံ ကြိုက်သလောက်ကျင့်၊ဒါတွေလုပ်လို့
အပါယ်ကလွတ်ပါတယ်လို့ပြောလျှင် မှားပါသည်။
သူ့အကျိုးပေးရှိသလောက် အကျိုးပေးရနိုင်ပေမယ့် အပါယ် ကတော့ လုံးဝမလွတ်နိုင်ပေ။
ဒါန၊သီလ၊သမထ (၃)မျိုးမှာ ဘုရားမပွင့်သည့် သာသနာပ မှာလည်းရှိသည်။ ဘာသာခြားများလည်းလုပ်နိုင်ပါသည်။
မလုပ်နိုင်သောအကျင့်မှာ ၀ိပဿနာပင်ဖြစ်သည်။ဒါန၊သီလ၊သမထ မှာ အခြေခံမျှသာဖြစ်ပြီး အတန်းအနေနှင့်ပြောလျှင်
မူလတန်း၊အလယ်တန်း၊အထက်တန်းမျှသာဖြစ်သည်။တက္ကသိုလ်မရောက်ပေ။ဘွဲ့ယူနိုင်ဖို့အလှမ်းဝေးပါသည်။
ထို(၃)မျိုး အခြေခံပြီး ၀ိပဿနာ ကိုလုပ်မှသာ အပါယ် လွတ်မည်။ကံအကျိုးပေးရှိသလောက်
လူ၊နတ်၊ဗြဟ္မာ ချမ်းသာကိုရပြီး၊ကုန်ပြီဆိုသည်နှင့် ပြန်ဆင်းပြီး အပါယ်ရောက်မှာဖြစ်သည်။
တကယ်တမ်းမှာ အပါယ်တံခါးမပိတ်ပါ။
ဝိပဿနာ ဘာဝနာကိုပွားများပါက အကျိုးပေးပြန်မကျပဲ လုပ်လေ တက်လေဖြစ်ပြီး
အပေါ်သို့သာတိုးတက်နေပါသည်။ ဥပမာ.. ဒါန၊သီလ၊သမထသည် ပိုက်ဆံချမ်းသာခြင်းနှင့်တူသည်။
ပိုက်ဆံကုန်လျှင် ဆင်းရဲသားပြန်ဖြစ်သလို ဒါန၊သီလ၊သမထအကျိုးပေး ကုန်လျှင်လည်း အပါယ်ပြန်ဆင်းသည်။
ဝိပဿနာ ဘာဝနာမှာ သင်ကြားတတ်မြောက်ထားသည့် ပညာနှင့်တူသည်။
ဘယ်လောက်သုံးသုံးမကုန်ပေ။
ထို့ကြောင့်လည်း ၀ိပဿနာ မလုပ်သေးလျှင် အပါယ်သို့ကျရောက်နိုင်သေးကြောင်း
ထင်ရှားလွန်းလှသဖြင့် သတ္တ၀ါအားလုံးတို့အား ၀ိပဿနာ ဘာဝနာအကျင့်ကို အမြန်ဆုံးကျင့်ကြရန်
အထူးတိုက်တွန်းခြင်း ဖြစ်ပါသည်။


{ဆရာဥိးမြင့်လွင် ( သန့် တည် ပွား ) ၏ အပါယ်ပိတ်တရား စာအုပ်မှ ထုတ်နုတ် ဒါနပြုပါသည်။}

Thursday, November 26, 2009

မျဉ်းကျား


ကျွန်တော်(၁၀)တန်းကျောင်းသားလောက်တုန်းက(၁၉၇၈-၇၉)ကျောင်းနံရံကပ်စာစောင်မှာပထမဆုံးရေးခဲ့ဖူးတဲ့
ခလေးဆန်ဆန်ကဗျာလေးတပုဒ်ကိုအခုထိသတိရနေဆဲပါပဲ၊
ကဗျာခေါင်းစဉ်ဘယ်လိုပေးခဲ့တယ်ဆိုတာတော့ ပြန်စဉ်းစားလို့မရတော့ဘူး၊
ဒါကြောင့်မို့ခလေးဆန်ဆန်၊လွယ်လွယ်ကူကူပဲ “မျဉ်းကျား” လို့ခေါင်းစဉ်ပြန်ပေးထားလိုက်တယ်......။

“မျဉ်းကျား”

မနေ့ကမှ ... တောကတက်လာ
ရွာကဘကြီး ... ငါ့အရီးတို့
မြို့ကိုရောက်စ ... ဆိပ်ကမ်းဝက
ငါ့အိမ်အလာ... လမ်းကူးရာဝယ်
သတ်မှတ်မျဉ်းကျား ... ကူးဖို့ထားလျှက်
သူတို့မသိ ... ဖြတ်ကူးမိလို့
ဂဠုန်သုတ်ကာ ... ပါသွားရှာသည်
မြို့နယ်ကောင်စီရုံးဆီသို့.......။

ဂဠုန်။ ။ထိုစဉ်ကလမ်းစည်းကမ်းထိန်းသိမ်းရေးစီမံချက်ကိုဂဠုန်စီမံချက်
ဟုခေါ်၏၊လမ်းဖြတ်ကူး၍ကားပေါ်တင်ခေါ်ပါသွားသူများကိုလည်း
ဂဠုန်သုတ်ခံရသည်ဟုပြောလေ့ရှိ၏ ။

Monday, November 23, 2009

““စဉ်းစားပေးကြပါ ””


ဖြစ်နေကျအဖြစ်အပျက်လေးတွေပါပဲ...၊မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လမ်းဘေးဆိုင်(လက်ဖက်ရည်ဆိုင် ၊စားသောက်ဆိုင်)
ထိုင်တဲ့ အချိန်တွေမှာပေါ့...၊မျက်နှာသိ(မှတ်တောင်မှတ်မိနေတဲ့)၊မျက်နှာစိမ်း၊ အလှူခံ(သူတောင်းစား)တွေ
မကြာခဏဆိုသလိုရောက်လာပြီး ပိုက်ဆံတောင်းလေ့ရှိပါတယ်...၊အဲဒီအထဲမှာ ခလေး၊လူကြီး၊သီလရှင်၊အရက်သမား၊မသန်မစွမ်း၊
ဘုန်းကြီး အစရှိသဖြင့် စုံလင်လှပါတယ်...၊ကျွန်တော် ဘယ်တော့မှ ပိုက်ဆံမထည့်ပါဘူး၊တခါတရံ အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေဆိုရင်တော့ ပေးတဲ့အခါပေးလိုက်ပါတယ်၊
အဲဒါကိုသတိပြုမိတဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်ကကျွန်တော့်ကိုပြောပါတယ်....
“ ခင်ဗျားဗျာ..ဒီလောက်တောင် ဘာသာရေးတွေလုပ်၊တရားတွေထိုင်ပြီးတော့..ဒါလောက်လေး ကျတော့
မလှူနိုင်ဘူး၊ကုသိုလ်မလုပ်နိုင်ဘူးလား” လို့ပြောပါတယ်...။
အဲဒီအတွက်ကျွန်တော့်မှာအဖြေရှိပါတယ်...(အဲဒီအဖြေလေးကိုပြောပြပါ့မယ်..)
ကျွန်တော်တရားထိုင်တာ အပါယ်လွတ်ဖို့ပါ..( တရားထိုင်တိုင်း သူတောင်းစားကို ပိုက်ဆံထည့်ရမှာလား)
ကျွန်တော် လှူတိုင်း အလှူခံပုဂ္ဂိုလ်ရွေး ပါတယ်။
နောက်ဆုံး ..အချက်ကတော့ သူတောင်းစားအားပေး မလုပ်ချင်လို့ပါ။
( ကျွန်တော့်အဖြေတွေ များမှားနေရင် ............... )