Thursday, November 26, 2009

မျဉ်းကျား


ကျွန်တော်(၁၀)တန်းကျောင်းသားလောက်တုန်းက(၁၉၇၈-၇၉)ကျောင်းနံရံကပ်စာစောင်မှာပထမဆုံးရေးခဲ့ဖူးတဲ့
ခလေးဆန်ဆန်ကဗျာလေးတပုဒ်ကိုအခုထိသတိရနေဆဲပါပဲ၊
ကဗျာခေါင်းစဉ်ဘယ်လိုပေးခဲ့တယ်ဆိုတာတော့ ပြန်စဉ်းစားလို့မရတော့ဘူး၊
ဒါကြောင့်မို့ခလေးဆန်ဆန်၊လွယ်လွယ်ကူကူပဲ “မျဉ်းကျား” လို့ခေါင်းစဉ်ပြန်ပေးထားလိုက်တယ်......။

“မျဉ်းကျား”

မနေ့ကမှ ... တောကတက်လာ
ရွာကဘကြီး ... ငါ့အရီးတို့
မြို့ကိုရောက်စ ... ဆိပ်ကမ်းဝက
ငါ့အိမ်အလာ... လမ်းကူးရာဝယ်
သတ်မှတ်မျဉ်းကျား ... ကူးဖို့ထားလျှက်
သူတို့မသိ ... ဖြတ်ကူးမိလို့
ဂဠုန်သုတ်ကာ ... ပါသွားရှာသည်
မြို့နယ်ကောင်စီရုံးဆီသို့.......။

ဂဠုန်။ ။ထိုစဉ်ကလမ်းစည်းကမ်းထိန်းသိမ်းရေးစီမံချက်ကိုဂဠုန်စီမံချက်
ဟုခေါ်၏၊လမ်းဖြတ်ကူး၍ကားပေါ်တင်ခေါ်ပါသွားသူများကိုလည်း
ဂဠုန်သုတ်ခံရသည်ဟုပြောလေ့ရှိ၏ ။

Monday, November 23, 2009

““စဉ်းစားပေးကြပါ ””


ဖြစ်နေကျအဖြစ်အပျက်လေးတွေပါပဲ...၊မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လမ်းဘေးဆိုင်(လက်ဖက်ရည်ဆိုင် ၊စားသောက်ဆိုင်)
ထိုင်တဲ့ အချိန်တွေမှာပေါ့...၊မျက်နှာသိ(မှတ်တောင်မှတ်မိနေတဲ့)၊မျက်နှာစိမ်း၊ အလှူခံ(သူတောင်းစား)တွေ
မကြာခဏဆိုသလိုရောက်လာပြီး ပိုက်ဆံတောင်းလေ့ရှိပါတယ်...၊အဲဒီအထဲမှာ ခလေး၊လူကြီး၊သီလရှင်၊အရက်သမား၊မသန်မစွမ်း၊
ဘုန်းကြီး အစရှိသဖြင့် စုံလင်လှပါတယ်...၊ကျွန်တော် ဘယ်တော့မှ ပိုက်ဆံမထည့်ပါဘူး၊တခါတရံ အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေဆိုရင်တော့ ပေးတဲ့အခါပေးလိုက်ပါတယ်၊
အဲဒါကိုသတိပြုမိတဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်ကကျွန်တော့်ကိုပြောပါတယ်....
“ ခင်ဗျားဗျာ..ဒီလောက်တောင် ဘာသာရေးတွေလုပ်၊တရားတွေထိုင်ပြီးတော့..ဒါလောက်လေး ကျတော့
မလှူနိုင်ဘူး၊ကုသိုလ်မလုပ်နိုင်ဘူးလား” လို့ပြောပါတယ်...။
အဲဒီအတွက်ကျွန်တော့်မှာအဖြေရှိပါတယ်...(အဲဒီအဖြေလေးကိုပြောပြပါ့မယ်..)
ကျွန်တော်တရားထိုင်တာ အပါယ်လွတ်ဖို့ပါ..( တရားထိုင်တိုင်း သူတောင်းစားကို ပိုက်ဆံထည့်ရမှာလား)
ကျွန်တော် လှူတိုင်း အလှူခံပုဂ္ဂိုလ်ရွေး ပါတယ်။
နောက်ဆုံး ..အချက်ကတော့ သူတောင်းစားအားပေး မလုပ်ချင်လို့ပါ။
( ကျွန်တော့်အဖြေတွေ များမှားနေရင် ............... )

အရင်းလေးတော့ချန်ခဲ့ပါ......


လုပ်သားပြည်သူများခင်ဗျား.....
နွေရာသီရောက်လာပြီဖြစ်တဲ့အတွက်....““မီး”” သတိပြုကြပါလို့ အရင်ပြောလိုက်ပါတယ်..၊
““ မီး ”” ကဲ့သို့ နောက်ထပ်သတိပြုစရာတစ်ခုရှိပါတယ်...၊အဲဒါကတော့ ““ ရဟန်းခံ၊ရှင်ပြု ”” များပဲဖြစ်ပါတယ်။
ဒီရာသီဟာ ရဟန်းခံ၊ရှင်ပြု ရာသီလို့ဆိုရင် မမှားဘူးလို့ထင်ပါတယ်။နွေရာသီအားလပ်ရက်များလည်းဖြစ်တာမို့လို့
ဘုန်းကြီးဝတ်ကြတဲ့သူတွေ ကျောင်းမဆန့်အောင်များပါတယ်၊ဂတုံးတွေ အများကြီးတွေ့ရပါတော့မယ်...။
ကဲ.......ဘာဖြစ်လို့ဒုလ္လဘ ၀တ်ကြတာလဲလို့မေးရင်... ““ ကုသိုလ်ရအောင်လို့ ၀တ်တာ ””ဆိုပြီး..
ဖြေကြပါလိမ့်မယ်..၊ဒါဆိုရင်..တကယ်ရော ကုသိုလ်တွေရခဲ့ကြလား လို့မေးချင်ပါတယ်...၊ရခဲ့ကြပါသလား...၊
ရဟန်းဝတ်တယ်ဆိုတာ ပေါ့ပေါ့တန်တန် မဟုတ်ပါဘုး..သင်္ကန်းခြုံ ၊ခေါင်းတုံးတုန်း၊ညနေစာမစား ပဲနေရုံနဲ့ဆိုရင်တော့...
ဘာမှမလုပ်ပဲ ကိုယ့်အိမ်မှာကိုယ်နေတာကမှ အရင်းကျန်ပါဦးမယ်..၊နို့မို့ဆိုရင်တော့ ကုသိုလ် ဆိုတဲ့အမြတ် မရပဲ..
အကုသိုလ်တွေဖြစ်ပြီး ကိုယ့်ရှိတဲ့ လက်ကျန် ကုသိုလ်လေးတွေတောင် အရင်းထဲက ပါကုန်ပါလိမ့်မယ်..။
ဝိနည်းနဲ့အညီ နေနိုင်တယ်ဆိုရင်တော့ဝတ်ကြပါ၊လိုချင်တဲ့ ကုသိုလ်တွေ ရမှာပါ..၊
တည့်တည့်ပြောရရင် ရဟန်းဝတ်တယ်ဆိုတာ သိတ်ကို အရင်းအနှီးကြီးတဲ့ ....ကစားပွဲတစ်ခုလို့ဆိုရမလားပဲ..
( ဥပမာ ပေးစရာ စကားလုံးရှာမရသဖြင့် ခွင့်လွတ်ကြပါ ) ကုသိုလ်ရချင်လို့ ရဟန်းဝတ်တယ်..၊ ဒါပေမဲ့ ကုသိုလ်မဖြစ်ဘူး..
ဘာတွေဖြစ်လာလဲဆိုတော့ ကိုယ်မသိလိုက်တဲ့ အကုသိုလ်တွေပဲ ရလာခဲ့တယ်၊ ““ ငါတို့က ဒုလ္လဘ ၀တ်တာပဲ ””
““ ဒါလောက်ကတော့ ရပါတယ် ”” လို့မထင်လိုက်ပါနဲ့၊ ဒုလ္လဘပဲဖြစ်ဖြစ်၊ငယ်ဖြူပဲဖြစ်ဖြစ်၊တောထွက်ပဲဖြစ်ဖြစ်၊
ရဟန်းကရဟန်းပါပဲ..သိမ်ဝင်ထားတဲ့ ရဟန်းတွေချည့်ပါပဲ...၊ကံတရားက ခွင့်မလွှတ်ပါဘူး....၊
ဒုလ္လဘ ၀တ်သူတို့ရဲ့ထုံးစံအတိုင်း...မနက် အာရုံဆွမ်းစား၊ပြီးတော့ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ပြီး
ခဏပြန်အိပ်၊ နိုးလာတော့..ဆွမ်းခံကြွ၊ပြန်လာတော့ရေမိုးချိုးပြီးဆွမ်းစား၊ ပြီးတော့ ဗိုက်လေးလာပြီး ပြန်အိပ်...
နိုးလာတော့ တစ်ခါ ယောင်တောင်တောင်လုပ်ပြီးအပြင်ထွက်၊ အအေးဆိုင်မှာထိုင်၊ဒူးလေးတနှံ့နှံ့ စီးကရက်လေးခဲလို့ ၊
တခါတလေ ဘောလုံးပွဲနဲ့ကြုံရင်( အော်ဟစ်ပြီးတော့တောင်.......)အကြိုက်ပေါ့...၊ကျောင်းရောက်တော့ အိပ်...၊
ကြားထဲမှာ..မကောင်းတတ်လို့ ဘုရားဝတ်ပြုတာ၊ပုတီးစိပ်တာလေးတွေတော့ ရှိကောင်းရှိမှာပါ...၊
ကဲ....ဒုလ္လဘတို့ရေ....အဲလိုဆိုရင်တော့..အကြံတစ်ခုပေးချင်ပါတယ်...၊ကိုယ့်ဟာကိုယ်အိမ်မှာပဲနေတော်မူကြပါ
ကျောင်းကကျောင်းထိုင်ဆရာတော်ကိုလည်းသွားပြီးဒုက္ခမပေးကြပါနဲ့၊ ဆရာတော်ခမျာလည်း ကိုယ့်ကိုလှူထားတဲ့ ဒကာတွေ
ဆိုတော့ စည်းကမ်းမလိုက်နာလို့ဆိုပြီးပြောရမှာလည်းခက်ဖြစ်နေတာပေါ့၊
တကယ် ၀ိနည်းနဲ့အညီနေနိုင်တယ်၊စည်းကမ်းနဲ့နေနိုင်တယ်ဆိုရင်တော့ လုပ်ကြပါ၊သင်္ကန်းတစ်စုံတောင်လှူလိုက်ချင်ပါတယ်
မဟုတ်ရင်တော့ ကုသိုလ်မရပဲ အကုသိုလ်ဖြစ်စေမည့် အလုပ်တွေတော့................
( ဆရာတော်ဘုရားကြီးတစ်ပါးကမိန့်တော်မူတာရှိပါတယ်..အရင်းထဲကမပါစေနဲ့တဲ့..၊ ငရဲမှာဂတုံးတွေအများကြီးပဲတဲ့...)
ဗုဒ္ဓဘာသာကိုဆန့်ကျင်ပြီး ရဟန်းမ၀တ်စေလိုခြင်းမျိုးလုံးဝ(လုံးဝ)မဟုတ်ပါ၊သတိပြုစေလိုခြင်းသက်သက်ဖြစ်ပါသည်။

( ဖြစ်နိုင်လျှင်..စည်းကမ်းကြီးသော ရိပ်သာ၊တရားစခန်း များတွင် သင်္ကန်းဝတ်ပြီးသွားရောက်အားထုတ်စေလိုပါသည်။
ဒါဆိုရင်တော့...အမြတ်ပေါ်အမြတ်ဆင့်ပြီဗျို့ .........။)